Warnning

in #esteem6 years ago

Energy Drinks စွမ်းအားဖြည့်အချိုရည်များ (သို့မဟုတ်) စွမ်းအားနူတ်လူသတ်သမား

image

၁၉၉၆ခု ဝန်းကျင်လောက်က ကျမမိတ်ဆွေပြောပြတဲ့ Red Bull ကျွဲရိုင်းအဖျော်ရည်နဲ့ပတ်သက်တဲ့ တကယ့်အဖြစ်အပျက်လေးပါ။ ကိုရီးယားမှာသွားအလုပ်လုပ်တဲ့ သူ့သူငယ်ချင်းတယောက် ကျွဲရိုင်းအဖျော်ရည်ကို နေ့တိုင်းသောက်၊ လူမလန်းလဲသောက်၊ ပင်ပန်းလဲသောက်နဲ့၊ နောက်တော့ ဘာရောဂါမှမရှိပဲ ရုတ်တရက်ဆုံးသွားတယ်တဲ့။
ကျမမိတ်ဆွေရဲ့သား ဘော်ဒါကျောင်းမှာနေရင်း တနေ့ကို အချိုရည်နှစ်ဗူး၊ သုံးဗူးသောက်ရင်းနဲ့ မကြာခင်မှာပဲ ကျောက်ကပ်ပျက်သွားပါတယ်။ ဒီလောက်ကြောက်စရာကောင်းတဲ့ စွမ်းအားဖြည့်အချိုရည်ဟာ ကျမတိုလူမျိုတွေအတွက်တော့ အမြတ်တနိုးနဲ့ လှူဒါန်းဖွယ်ပစ္စည်း၊ ဧည့်ကောင်းသောင်ကောင်းတွေ ဧည့်ခံစရာပစ္စည်းဖြစ်နေပါတယ်။ အဆိုးဆုံးကတော့ ကလေးသူငယ်ကအစ ခုံခုံမင်မင်သုံးစွဲနေကြတာပါပဲ။

သိတ်မကြာခင်ကပဲ အမေရိကန်နိုင်ငံ UT health sports အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာနမှ နှလုံးအထူးကုဆရာဝန်ကြီး ဒေါက်တာဂျွန်ဟစ်(ဂ)ဂင်း(စ) (Dr John Higgins)က စွမ်းအားဖြည့်အချိုရည်တွေရဲ့ဆိုးကျိုးတွေကို အခုတော့လက်တွေ့ပြနိုင်ပါပြီလို့ ပြောခဲ့ပါတယ်။

ကျန်းမာသန်စွမ်းတဲ့ ဆေးကျောင်းသားလူငယ်၄၇ယောက်ကိုသုံးပြီး လက်တွေ့စမ်းသပ်ပြခဲ့တာပါ။ သူတို့ရဲ့သွေးလွှတ်ကြော၊ သွေးပြန်ကြောတွေရဲ့ အလုပ်လုပ်နိုင်မူ့စွမ်းရည်တွေကို အရင်တိုင်းတာပါတယ်။ ပြီးတော့ စွမ်းအားဖြည့်အချိုရည်သောက်ခိုင်းပြီး မိနစ်၉ဝအကြာမှာ သူတို့ရဲ့သွေးကြောတွေကို ပြန်စစ်ဆေးခဲ့ပါတယ်။ ပုံမှန်အားဖြင့်ကောင်းကောင်းအလုပ်လုပ်နေတဲ့ သူတို့သွေးကြောတွေရဲ့ စွမ်းရည်တွေဟာ စွမ်းအားဖြည့်အချိုရည်တွေသောက်ပြီးတဲ့နောက် သိသိသာသာထိုးကျသွားပါတယ်။

ဒေါက်တာဂျွန်ဟစ်(ဂ)ဂင်း(စ)ပြောတာကတော့ စွမ်းအားဖြည့်အချိုရည်သောက်ပြီးနောက် သွေးကြောတွေကျုံ့သွားတဲ့အချိန်မှာ ခန္ဓာကိုယ်ရဲ့လိုအပ်တဲ့နေရာကို သွေးမရောက်တော့ပါဘူး။ ဒါဟာ ကျန်းမာရေးပြဿနာအများအပြားဖြစ်စေတဲ့အပြင်၊ နှလုံးခုန်ရပ်ပြီးရုတ်တရက်သေဆုံးသွားတဲ့အထိ အန္တရာယ်ပေးနိုင်ပါတယ်တဲ့။ စွမ်းအားဖြည့်အချိုရည်တွေဟာ နှလုံးနဲ့သွေးလည်ပတ်မူ့၊ ဦးနှောက်နဲ့အာရုံကြော၊ အစာအိမ်နဲ့အူလမ်းကြောင်း၊ ကျောက်ကပ်နဲ့ စိတ်ပိုင်းဆိုင်ရာစတဲ့ ခန္ဓာကိုယ်ရဲ့ကဏ္ဍအစုံကို ဒုက္ခပေးနိုင်တာပိုပိုသိလာရသလို၊ ဒီအချိုရည်ကြောင့်အရေးပေါ်ဌာနကိုရောက်လာရတဲ့လူနာတွေကလဲ ပိုပိုများလာပါတယ်လို့ ဒေါက်တာဂျွန်ဟစ်(ဂ)ဂင်း(စ)ကပြောပါတယ်။

"ရေကတော့ စိတ်အချရဆုံးပဲ၊ ပြီးတော့ sport drinksတွေ (ဥပမာ-100plus, etc.)၊ ဒါပေမဲ့ စွမ်းအားဖြည့်အချိုရေတွေကတော့ လုံးဝ အန္တရာယ်မကင်းပါဘူး။ သူ့ထက် တခြားဖျော်ရည်မှန်သမျှ အားလုံးနီးပါးက ပိုကောင်းပါသေးတယ်"လို့ ဒေါက်တာဂျွန်ဟစ်(ဂ)ဂင်း(စ)ကပြောပါတယ်။

ဒေါက်တာဂျွန်ဟစ်(ဂ)ဂင်း(စ)ရဲ့တွေ့ရှိချက်တွေကိုသုံးပြီး အမေရိကန်အားကစားနှင့်ကျန်းမာရေးကောလိပ် (American College of Sports Medicine) က စွမ်းအားဖြည့်အချိုရည်တွေနဲ့ပတ်သက်တဲ့ သတိပေးချက်တွေကို အဓိကအချက်လေးချက်နဲ့ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒါတွေကတော့

  1. စွမ်းအားဖြည့်အချိုရည်တွေရဲ့ဆိုးကျိုးကိုပိုခံစားရမယ့် ကလေးသူငယ်များကာကွယ်ရေး (ကလေးတွေရဲ့ ခန္ဓာကိုယ်နုနယ်မူ့၊ caffeine ဓာတ်ကို ခံနိုင်ရည်မရှိသေးမူ့ကြောင့် လူကြီးတွေထက်ပိုပြီး ဆိုးကျိုးကိုခံစားရပါတယ်)
  2. ကလေးသူငယ်နဲ့ဆယ်ကျော်သက်တွေကိုဆွဲဆောင်မဲ့ ဈေးကွက်ကြော်ငြာခြင်းမပြုရေး (ကံစမ်းမဲပါရင် ကလေး၊လူကြီးဘယ်သူမဆို အားပေးချင်တဲ့ ကျမတို့လူမျိုးအတွက် သားရေကျစရာကောင်းတဲ့ ကံစမ်းမဲတွေနဲ့ဆွဲဆောင်ထားတဲ့ ကြော်ငြာမျိုးလဲ ခွင့်မပြုသင့်ပါဘူး။)
  3. ကိုယ်လက်လှုပ်ရှားအားကစား မပြုလုပ်ခင်၊ လုပ်နေစဉ်နဲ့ လုပ်ပြီးစမှာ စွမ်းအားဖြည့်အချိုရည်ကို မသုံးစွဲခြင်း(ကိုယ်လက်လူပ်ရှားလုပ်ပြီး ချွေးဒီးဒီးကျနေတုန်း အမောပြေ အချိုရည်လေးဖောက်သောက်ပြတဲ့ကြော်ငြာကိုကြည့်ပြီး အားကျမခံ အားဖြည့်အဖျော်ရည်ကိုတော့သွားမသောက်မိကြပါစေနဲ့။)
  4. ကျန်းမာရေးပညာပေးတွေနဲ့ စွမ်းအားဖြည့်အချိုရည်နဲ့ပတ်သက်ပြီး အချက်အလက်သုတေသနပိုမိုဆောင်ရွက်ရေးတို့ဖြစ်ပါတယ်။ (ကျမတို့တိုင်းပြည်မှာတော့ လုံးဝမရှိသေးပါဘူး။)

ကျမတို့ပြည်သူတွေနဲ့ ကလေးသူငယ်တွေအတွက်ကော ဘာတွေလုပ်ကြမလဲ???

အသေးစိတ်ကိုတော့ အောက်က Ref links တွေမှာဖတ်ရူ့နိုင်ပါတယ်။

https://www.acsm.org/read-research/newsroom/news-releases/news-detail/2018/05/15/energydrinks

https://www.click2houston.com/health/new-warning-from-doctors-about-energy-drinks

Sort:  
UpvoteBank
Your upvote bank
__2.jpghereThis post have been upvoted by the @UpvoteBank service. Want to know more and receive "free" upvotes click