နှစ်သက်မိသောဥတုအခိုက်အတန့်များ

in #myanmar4 years ago (edited)

နှစ်သက်မိသောဥတုအခိုက်အတန့်များ
လူသားအားလုံးစီမှာ ပျော်ရွှင်ရသော၊ကျေနပ်ရသော၊နှစ်သက်ပိတီဖြစ်ရသော အချိန်အခါ၊အခိုက်အတန့်များ ကိုယ်စီရှိကြပါလိမ့်မည်။ကျွန်ုပ်တွင်လည်း အတိတ်၌လည်ကောင်း၊လက်ရှိပစ္စုပ္ပန်၌ လည်ကောင်း ထိုကဲ့‌သို့သော အနှစ်သက်ရဆုံးသောအခိုက်အတန့်အချို့ရှိ၏။အချို့အချို့သော အတိတ်များသည် ပြန်ပြောင်းတွေးတောရခြင်း၌ အင်မတိ အင်မတန် ပြန်လိုချင်စရာကောင်းလောက်အောင်ပင် သာယာပျော်ရွှင်စရာကောင်း၏။အချို့သော အတိတ်တို့သည် အလွန့်အလွန်ကား ပျော်ရွှင်စရာကောင်း၏။သို့သော် ပြန်လိုချင်သည်လားဆိုသော် ပြန်လိုချင်စိတ်ကား နတ္တိ။
နွေရာသီ။မြန်မာပြည်ကြီး၏ စံပြရာသီဥတု။ပြောင်းလဲလာသော ကမ္ဘာကြီးနှင့်လိုက်ကာ အလွန်အမင်းပူပြင်းလာသောရာသီ။သို့သော် ထိုဥတုသည်ပင် လူသားအားလုံးနီးပါးအတွက် အဆင်ပြေဆုံးဖြစ်၏။ကျွန်ုပ်အတွက်လည်း ထိုရာသီ၌ ကျေနပ်ပီတိဖြစ်ရဆုံးသော အချိန်ကလေးများရှိပါသည်။ထိုခံစားမှုသည်ကား ငယ်စဉ်မှသည် ယခုတိုင် ကြိုက်နှစ်သက်နေဆဲပင်။နံနက်ခင်းကို ကျော်လွန်၍အရိပ်ရိပ်တက်လာသော နေမင်းကြီးသည်ပူပြင်းမှုနှင့်အတူ လှပသော ရောင်ခြည်လေးများကို ထုတ်လွှတ်လာ၏။
နေမင်း၏ရောင်စဉ်ဖြာတို့သည် တသွင်သွင်စီးနေသော စမ်းချောင်းကလေးပေါ်သို့ ဖြာကျနေလေသည်။လေပြေတို့ တိုက်ခတ်လိုက်တိုင်း လှုပ်ခတ်သွားသော ရေလှိုင်းကလေးပေါ်တွင် ရောင်ခြည်တို့က တလက်လက်။‌စမ်း‌ချောင်း‌ထဲတွင် ကျွန်ုပ်မှလွဲ၍ မည်သူတစ်ဦးတစ်ယောက်မှမရှိ။ဤသည်ကို လိုချင်သောကြောင့် ထိုအချိိန်ကို‌ရွေး၍လာခြင်းဖြစ်‌လေသည်။ကြည်လင်‌အေးမြနေသောစမ်းချောင်းထဲတွင် ကိုယ်ကိုပက်လက်အနေအထားဖြင့် မျက်နှာလောက်ကိုသာ ရေပေါ်တွင်ထား၏။ကျန်ခန္ဓာကိုယ်ကား ရေထဲတွင် စိမ်နှစ်ထား၍ တလက်လက်တောက်ပနေသော နေမင်းကြီးကို မော်ကြည့်ကာ ဖြာကျနေသောမျက်နှာဆီမှပူရှိန်သောအရသာ၊ ရေထဲမှခန္ဓာကိုယ်ဆီက‌ အေးမြသောခံစားမှု၊စမ်းချောင်းလေးမှ ရေစီးသံ၊ဖြာကျနေသော ရောင်ခြည် တလက်လက်...အို...လှပလိုက်လေခြင်း။၎င်းခံစားမှုတို့ တပြိုက်နက်ခံစားရခြင်းသည် ကျွန်ုပ်အတွက် အလှပဆုံးသောအရာ ကျေနပ်နှစ်သက်ဆုံးသော၊ကျွန်ုပ်အတွက်မည့်သည်နှင့်မျှမလဲနိုင်သောအခိုက်အတန့်ပင်ဖြစ်လေတော့သည်။
2539837.jpg
လေးလတာကာလမျှ စိုးစံခဲ့သောဂိမာန်ရာသီတို့ ထွက်ခွာစပြုချိန်တွင် နှုတ်ဆက်ခြင်းအနေဖြင့် လိုက်လံပို့ဆောင်သော ၀သန်ဥတု၏ မိုးပြေးကလေးများ။နေ့စဉ်နှင့်အမျှ ပူပြင်းမှုကို အံ့တုခဲ့သော ပထဝီမြေကြီးတို့သည် ၎င်းအပေါ်သို့ မိုးပြေးကလေးများ လာရောက်ဆလံပြုသည့်အခါ၀မ်းမြောက်ခြင်းအသွင်ဖြင့် အနံ့တစ်မျိုးထုတ်လွှတ်၏။ဤကား မြေသင်းနံ့။မွှေးသည်ဟုလည်း မဆိုသာ၊နံသည်ကလည်းမဟုတ်၊မည့်သည့်အနံ့နှင့်မှမတူသော မြေသင်းနံ့။ထိုမြေသင်းနံ့ထွက်ပေါ်သော ဤအချိန်အခါတိုင်းကို ကျွန်ုပ်နှစ်သက်ထောပနာဖြစ်၏။
images (2).jpeg
၀သန်မိုးတို့ ထွက်ခွာခြင်းပြီးနောက် ဟေမာန်တို့ ၀င်ရောက်လာချိန်။ဟေမာန်ဥတုတို့သည်ကား ကျွန်ုပ်တို့မြန်မာပြည်တောင်ပိုင်းကို ခေတ္တခဏ(သို့)လာရောက်လည်ပတ်မှု အားနည်းလေသည်။သို့သော် ခေတ္တခဏ လာရောက်လည်ပတ်သောအချိန်၊မနက်ခင်း အာရုံတက်ပြီး မိုးမလင်းတလင်းအချိန်၊လူအသွားအလာ ကင်းရှင်းနေ‌သေးသော လမ်းမကြီး၌ မြူမှုန်တို့သည်အလွတ်မရှိ နေရာယူထားကြ၏။ကိုက်၁၀ အကွာ၌ ရှိနေသော အရာတို့ကိုပင် မပီမပြင်ဝိုးတဝါးသာမြင်ရလေသည်။ထိုမြူမှုန်တို့သည်ပင် သင်းပျံ့သော ရနံ့ရှိ‌သည်ဟု ကျွန်ုပ်ထင်၏။ထိုမြူမှုန်ကြားထဲတွင် လမ်းလျှောက်‌နေရလျှင်အရာအားလုံးကို‌ပင်‌‌ မေ့လျော့သွားသည့်နှယ်။တောင်ပိုင်းဒေသအတွက် ကြုံရခဲ‌သော ထိုအခိုက်အတန့်ကို ကျွန်ုပ်အင်မတန်နှစ်သက်မိလေပြန်တော့သည်တကား။
images (1).jpeg

နွေဦးသစ်(မာရိတ်မြေ)
Credit photo -google

Sort:  

ဥတုရာသီ တောကိုမှီ။
ဥတုတွေ ညီညွတ်လှပဖို့ တောတောင်များကို ကာကွယ်စို့။