ကိုယ့်စိတ် ကိုယ်စစ်

in #credit7 years ago

ကိုယ့်စိတ် ကိုယ်စစ်

ကိုယ့်စိတ် ကိုယ်စစ် ဆိုတဲ့ စကားလုံးလေးက အင်တာနက် စာမျက်နှာတွေပေါ်မှာတော်တော်ကိုခေတ်စား
နေတဲ့စကားလုံးလေးဖြစ်နေပါတယ်။ တကယ်ပဲကိုယ့်စိတ်ကိုယ်စစ်နိုင်ရင် နိဗ္ဗာန် မျက်မှောက်ပြုရမှာပါ။
ကိုယ့်စိတ်ကို ကိုယ်စစ်တတ်ဖို့ တော့ လိုပါတယ်။
အပြောလွယ်သလောက် အလုပ်ခက်တယ်ဆိုတဲ့ ပညာရှိတို့ အဆိုအမိန့် အတိုင်းပါပဲ။ပြောတဲ့စကားလေးက
တစ်ခွန်းတည်း။လွယ်လွယ်လေး။ ဒါပေမယ့် နည်းမသိတော့ လုပ်လို့ မလွယ်ပါဘူး။ စိတ်ကိုသိနေရင်ပြီးရော
ဆိုတော့လည်း သမထ ဖြစ်နေပြန်ပါတယ်။ သမထ ဆိုတာ သံသရာလည်ကြောင်းတရားပါ။ သမထ
အားထုတ်နေတဲ့အချိန်မှာ ကိလေသာ မ၀င်တဲ့အတွက် ငြိမ်းအေးတယ်ဆိုပေမယ့် ကိလေသာပယ်သတ်တဲ့
အလုပ်မဟုတ်လို့  ငြိမ်းအေးတာ ခဏတာပဲဖြစ်ပါတယ်။သမထ အားထုတ်ပြီး အထင်မှားသူများရှိပါတယ်။
ရဟန်းကိစ္စပြီးသည်မှာ အနှစ်ခြောက်ဆယ်ကျော်ပြီးဟု အဓိမာနဖြစ်နေသည့် စိတ္တလတောင်မှ မထေရ်ကြီး
တစ်ပါးအား ဓမ္မဒိန္န ရဟန္တာ အရှင်မြတ်က လှပသော အမျိုးသမီးကို အဘိညာဉ်ဖြင့် ဖန်ဆင်းခိုင်းပြီး စေ့စေ့
စူးစူး ကြည့်စေသောအခါ တဏှာရာဂ တို့  လှူပ်ရှားထကြွလာ၍ နောင်တရလေ၏။ထိုအခါ အရှင်မြတ်
ဓမ္မဒိန္နက မထေရ်ကြီးအား ဖြစ်ပွားနေသော ရာဂ စိတ်ကိုပင် ၀ိပဿနာ ရှူစေရာ ရဟန္တာ အစစ်ဖြစ်သွား
ရပါသည်။(မူလပဏ္ဏာသ အဋ္ဌကထာ)
သရက်ဥယျာဉ်`၌တရားအားထုတ်နေသော အရှင်မေဃိယ သည် ၀ိတက်တို့ နှိပ်စက်သဖြင့် တရားမရနိုင်
ရကား မြတ်စွာဘုရားထံ ပြန်လျှောက်ထား၏။ မြတ်စွာဘုရားက စိတ်ပြုပြင် ထိန်းသိမ်းစောင့်ရှောက်ရေး
တရားကို ဟောကြားတော်မူရာ တရားအဆုံး မှာ သောတာပတ္တိမဂ်ဖြင့် အရိယ သစ္စာကို ထိုးထွင်းသိမြင်
လေ၏။(ဓမ္မပဒ ပါဠိတော်)
ဒါဟာ ကိုယ့်စိတ်ကိုယ်စစ်တာကိုပြတာပါပဲ။သမထ နဲ့ ၀ိပဿနာ မကွဲပဲ အားထုတ်တဲ့အတွက် ကိုယ့်ကိုကိုယ်
အဟုတ်ထင်နေခဲ့တာ။အရိယာ ရဟန္တာက နည်းပြတော့မှ ၀ိပဿနာ အားထုတ်နိုင်တဲ့အဖြစ်ပါ။ ၀ိပဿနာ
ဆိုတာ သိဖို့ ဆရာလိုပါတယ်။ အရှိကိုသိဖို့ မခက်ပေမယ့် မရှိတာကိုသိဖို့ တော့ခက်ပါတယ်။ သို့ သော်
မသိရင်ပဲ ခက်တာပါ။ သိရင် မခက်ပါဘူး။
သိအောင်လုပ်ပါ။ဥာဏ်ပါပါစေ။ စိတ်ဆိုတာ အမျိုးမျိုး လာပါတယ်။မြင်စိတ်။ကြားစိတ်။နံစိတ်။စားစိတ်။
တွေ့ ထိစိတ်။ လောဘစိတ်။ဒေါသစိတ်။မောဟစိတ်။ အလောဘစိတ်။အဒေါသစိတ်။ တွေးတောကြံစည်စိတ်။
စသဖြင့် ပင်ကိုယ်အမြဲတမ်းရှိတဲ့စိတ်ကတော့ လေကိုထုတ်တဲ့စိတ်နဲ့ လေကိုသွင်းတဲ့စိတ် နှစ်မျိုးရှိနေပါတယ် အလွယ်ခေါ်တော့ ရှူစိတ် ရှိုက်စိတ်ပေါ့။
လွယ်လွယ်ပြောရရင် ကျေနပ်တဲ့စိတ်ရှိမယ်။ မကျေနပ်တဲ့စိတ်ရှိမယ်။ချစ်တဲ့စိတ်ရှိမယ်။ မုန်းတဲ့စိတ်ရှိမယ်။
ကျေနပ်တာလည်းမဟုတ် မကျေနပ်တာလည်းမဟုတ်တဲ့စိတ်ရှိမယ်။ဥပေက္ခာပြုတဲ့စိတ်ရှိမယ်။ စိတ်တွေကို အနီးစပ်ဆုံးဖေါ်ပြတာပါ။သဘောတရားလေးတွေပါပဲ။ အထည်မရှိဘူး ။ဒြပ် မရှိဘူး။ အကောင်မရှိဘူုး။
ချစ်တဲ့စိတ်ဟာ လောဘ။ ကျေနပ်တဲ့စိတ်ဟာလည်းလောဘ။ မုန်းတဲ့စိတ်ဟာ ဒေါသ။ မကျေနပ်တဲ့စိတ်
လည်း ဒေါသ။ ဒီစိတ်တွေ ဖြစ်ပေါ်တာဟာ အရှူခံဖို့ ဖြစ်ပြနေတာပါ။ငါ့ကိုကြည့်ပါလို့ သူကပြောတယ်။
တကယ်ကြည့်လိုက်ပါ။ကြည့်တဲ့အချိန်မှာ ဥာဏ်စိတ်ပဲရှိနေမယ်။ဒေါသစိတ် မရှိဘူး ။ လောဘ စိတ်မရှိဘူး။
စိတ်ဆိုတာ တစ်ခုတည်းပဲဖြစ်တယ်။ နှစ်ခုပြိုင်ပြီးမဖြစ်ဘူး။ တစ်ခုပြီးမှ တစ်ခုဖြစ်တာ။ မြန်လွန်းတဲ့အတွက်
နှစ်ခုပြိုင်ဖြစ်တယ်လို့ အထင်ရောက်တတ်ပါတယ်။
ချစ်တဲ့စိတ်ဖြစ်ပေါ်ရင် ချစ်ပြီးရင်းချစ်ချင်တဲ့လောဘ စိတ်က တွဲပြီးပါလာပါတယ်။ချစ်တဲ့စိတ်ကလေးပါလား
လို့  သိလိုက်တဲ့အချိန်မှာ ချစ်တဲ့စိတ်ကလေး ပျက်ပြီး သိတဲ့ဥာဏ်စိတ်ကလေးပဲရှိပါတယ်။ ပျက်တယ်ဆိုတာ
ချစ်တဲ့စိတ်ကလေးချုပ်သွားတာပါ။ချုပ်သွားတဲ့ခဏမှာကိလေသာငြိမ်းပါတယ်။ချစ်တဲ့စိတ်ခဏခဏလာတိုင်း
ချစ်တဲ့စိတ်ပါလားလို့  ဥာဏ်နဲ့ဆင်ခြင်ပေးရင် ချစ်တဲ့စိတ်ကလေး ခေါင်းပါးလာမယ်။ ဥာဏ်ဝင်လာတာပါ။
အဲ့ဒီလိုချစ်တဲ့စိတ်က အရှူခံဖို့ လာတိုင်းလာတိုင်း ချစ်တဲ့စိတ်ပါလားလို့ ဥာဏ်နဲ့ဆင်ခြင်ပြီး သိနိုင်ရင်
ဆင်ခြင်ရာမှာ ဥာဏ်နဲ့ဆင်ခြင်လိုက်တာနဲ့ တပြိုင်နက် ချစ်တဲ့စိတ်ကလေး မရှိတော့တာကိုပါသိရပါမယ်။
အဲ့သည်လို သိခြင်းသည် ပညာဖြစ်ပါတယ်။ ဒီပညာဟာ ၀ိပဿနာ မဂ်ဥာဏ်ဖြစ်ပါတယ်။ ရှေ့ စိတ်ကို
နောက်စိတ်နဲ့သိခြင်းပါ။ရှေ့ မှာဖြစ်တဲ့ကိလေသာစိတ်ကို နောက်ကနေ ပညာဥာဏ်နဲ့ထိုးထွင်းသိမြင်ခြင်း
က ကိလေသာကိုခေါင်းပါးစေပြီး ၀ိပဿနာ မဂ်ဥာဏ်ကို ဖြစ်စေပါတယ်။ အဲ့ဒီဝိပဿနာမဂ်ဥာဏ်ကို
နောက်ကဆက်ပြီး ဥာဏ်နဲ့ ထပ်ဆင့် ဆင်ခြင်ပေးရင် ထပ်ဆင့် ၀ိပဿနာ မဂ်ဥာဏ်ကိုရပါတယ်။ ဆက်ပြီး
ဆက်ပြီး သာ ဥာဏ်နဲ့ ဆင်ခြင်ပြီး ရှူမှတ်သွားမယ်ဆိုရင် ကိလေသာ တွေ ကို ကြားခိုခွင့်မပေးရင်
ဝင်လာသမျှ ကိလေသာကိုလည်း ဥာဏ်နဲ့ဆင်ခြင်သိပြီး မရှိတော့ပါလား။ ပျက်သွားပြီ။ ချုပ်သွားပြီ။
အနိစ္စ။ မမြဲပါလား။ ပြောင်းသွားပါလား။ စသည်ဖြင့် ဥာဏ်နဲ့မြင်အောင် မှန်မှန်ကန်ကန် ရှူမှတ်နိုင်ရင်။
ဝိပဿနာ မဂ်ဥာဏ်ကနေ ကိလေသာတွေပါးပြီး လောကုတ္တာရာမဂ်ဥာဏ်ကိုရမှာဖြစ်ပါတယ်။
ကိုယ့်စိတ်ကိုယ်စစ်တာဟာ စိတ်ဖြစ်နေတာကိုဥာဏ်နဲ့ထိုးထွင်းသိမြင်ပြီး ပျက်သွားတာကိုသိမယ်။ပြောင်း
သွားတာကိုသိမယ်။ ဒီလိုလေး စောင့်ကြည့်နေဖို့ သက်သက်ပါပဲ။ ဒီလိုဖြစ်ချင်တယ် ဟိုလိုဖြစ်ချင်တယ်နဲ့
ကိုယ်ဖြစ်ချင်ရာကို လျှောက်တွေးနေဖို့ မဟုတ်ပါဘူး။ သူဖြစ်နေတာကို စောင့်ကြည့်ပြီးရှူဖို့  မှတ်ဖို့ ပါ။
ဒါကြောင့် ကိုယ့်စိတ်ကိုယ်စစ်ဆိုတဲ့စကားလေးက လွယ်လွယ်လေး။ တကယ်စစ်တတ်ရင် တကယ်ရတယ်
ဆိုတာလေးပါ သိစေချင်ပါတယ်။တကယ်မစစ်တတ်ရင် ချစ်တာ ချစ်မှန်းပဲသိတယ်။ဥာဏ်နဲ့ဆင်ခြင်တဲ့အချိန်
မှာ ချစ်တဲ့စိတ်ကလေး ချုပ်ပျောက်တာကို သိဖို့ လိုပါတယ်။ ပညာ နဲ့ ယှဉ်ပြီး စိတ်ကိုစစ်တတ်ဖို့ 
အလွန်အရေးကြီးပါတယ်။
ချစ်တဲ့စိတ်ကိုချစ်တဲ့စိတ်မှန်းမသိတော့ ချစ်ပြီးရင်းချစ်ချင်။ချစ်ပြီးရင်းချစ်ချင်နဲ့။ကိန်းတဲ့ကိလေသာကနေ
ထ တဲ့ကိလေသာဖြစ်။ ထတဲ့ကိလေသာကို မထိန်းတော့ လွန်းကြူးတဲ့ ကိလေသာဖြစ်။ ကိလေသာ သံသရာ
ကနေ မထွက်နိုင်ဖြစ်တော့တာပါပဲ။
ကိန်းတဲ့ကိလေသာရှိသူများဖြစ်လို့  အခံဓါတ်ရှိနေတော့ အတိုက်ဓါတ်လေးများလာရင် ထတဲ့ကိလေသာပဲ
ဖြစ်တော့တာပါပဲ။ ထ တဲ့ကိလေသာဆိုတာ ကိလေသာပွင့်ထွက်လာတာပါ။ အခံဓါတ်နဲ့ အတိုက်ဓါတ်တွေ့ 
ရင် အပွင့်ဓါတ်ဖြစ်ပါတယ်။ဒါတွေဟာ အရှူခံတရား ဓါတ်(၁၈)ပါးပါ။ အဲ့ဒီဓါတ်(၁၈)ပါးကို ရှူတတ်မှတ်တတ်
ရင်ချုပ်ပါတယ် ငြိမ်းပါတယ်။ သိအောင်လုပ်မှရပါတယ်။သိရင် ချုပ်တယ်။ငြိမ်းတယ်။ဝိပဿနာ က လမ်းဆုံး
ရှိတယ်။ သမထ က လမ်းဆုံးမရှိပါဘူး။ဝိပဿနာအလုပ် နဲ့ ခန္ဓာ့ ဒုက္ခ လွတ်အောင်အားထုတ်ကြပါ။
အဲ့ဒီလိုသိဖို့ ဆိုတာ သတိထားမှရမှာပါ။အရိယာဖြစ်ချင်တဲ့သူကတော့ ၀ီရိယလေးစိုက်ထုတ်ပြီး တစိုက်စိုက်
မတ်မတ်လေး ရှူမှတ်ရပါမယ်။ ရှူမှတ်ရာမှာ ပညာနဲ့ ကြည့်တတ်ဖို့ လိုအပ်ပါတယ်။
သတိထားပါ။ဝီရိယစိုက်ပါ။ ပညာနဲ့ ရှူပါ ။
အဲ့ဒီနည်းနဲ့ ကိုယ့်စိတ်ကို ကိုယ် တကယ်စစ်ကြပါလို့ တိုက်တွန်းပါတယ်။
*****တတိယမြောက်သမီးတော်*****